Unicode
Yoon Suri က သူမအမျိုးသားအတွက် ညနေစာချက်ဖို့ အိမ်ပြန်သွားသည်။ Jeonghan တစ်ယောက်တည်း Cheol အိမ်မှာကျန်ခဲ့တော့ Cheol က သူ့ဆန္ဒအတိုင်း အမေဖြစ်သူကို အကြောင်းစုံပြောပြဖို့ ပြင်သည်။ Jeonghan ကတော့ Cheol နောက်တကောက်ကောက်လိုက်လို့။ သည်လိုကိစ္စမျိုးကို မဆိုင်းမတွဘဲ တက်ကြွလျက်ရှိသော Cheol ကို Jeonghan မြတ်နိုးရမည်လော၊ အမြင်ကတ်ရမည်လော မသဲကွဲပေ။ Cheol အမေက ကလေးတွေကို လွတ်လပ်စွာနေစေချင်၍ အလို့ငှာ အခန်းထဲဝင်ပြီး အနားယူနေသည်။ Cheol က အမေဖြစ်သူ၏ အခန်းတံခါးကို ဦးဆောင်ခေါက်လိုက်သည်။ Jeonghan ကတော့ ရင်တထိတ်ထိတ်။ Cheol ဘက်ကရော ရင်ခုန်မနေဘူးလား ဟု စနည်းနာကြည့်တော့ ဆံဖြူကောင်လေးက အေးအေးလူလူပင်။ သူ့မှာတော့ ရင်ထဲ မိုးကြိုးတွေပစ်နေသည်သာ။
စက္ကန့်ပိုင်းမျှကြာတော့ Choi Nam Ra တံခါးဖွင့်ပေးလာသည်။ သူတို့နှစ်ယောက်ကိုလည်းမြင်ရော နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ
"သားတို့ ဝင်လေ လာလာ"
Cheol က Jeonghan လက်ကောက်ဝတ်လေးကို ဖွဖွကိုင်ရင်း အခန်းထဲ ဦးစွာဝင်သွားသည်။ Choi Nam Ra ကတော့ Cheol ကိုင်ထားသည့် Jeonghan လက်ကို ငေးရင်း အကဲခတ်ကြည့်နေသည်။ နှစ်ယောက်ထိုင် ဆိုဖာပေါ် Cheol တို့နှစ်ယောက် နေရာယူထားပြီး Choi Nam Ra က အလယ်ခေါင်ရှိ တစ်ယောက်ထိုင်ခုံမှာ ထိုင်ရင်း လာရင်းကိစ္စကို အပြုံးတစ်ခု ပန်ဆင်ကာမေးသည်။ Jeonghan ကတော့ ရင်ထဲသိပ်နေလို့ကောင်းမနေ။ Choi Nam Ra ၏တုန့်ပြန်ချက်က အစွန်းနှစ်ဖက်မှာရှိ၏။ သူမ,မည်သည်ကိုရွေးချယ်မည်မှန်း Jeonghan မကျိန်းသေပါ။Cheol က သူ့စိတ်တွေ ယောက်ယက်ခတ်နေသည်ကို သိသည့်အလား လက်ဖမိုးကိုခပ်ဖွဖွ အုပ်မိုးပေးလာသည်။
"အမေ၊ ကျွန်တော့်ဘဝရဲ့ အရေးကြီးဆုံး စိတ်ဆန္ဒတစ်ခုကို အမေ့ကို ခွင့်တောင်းချင်တယ်"
Choi Nam Ra က သားဖြစ်သူစကားကြောင့် မျက်ခုံးပါးလွှလွှကို လှလှပပ ပင့်တင်ရင်း
"ပြောသား"
Cheol က သက်ပြင်းတစ်ခုကို ခပ်လျော့လျော့ချပြီး
"Jeonghan နဲ့ ကျွန်တော် နှလုံးသားချင်း ဖလှယ်ထားပြီးပြီ။ သူငယ်ချင်း ဆိုတာထက်ကို ပိုနေပါပြီ"
STAI LEGGENDO
"DANCIN' On to Your Heartbeat"
Storie d'amoreမင်းရဲ့ရင်ခုန်သံစည်းချက်အတိုင်း ငါက ကခုန်မယ်။ သည်ခံစားချက်တွေက မင်းပါးချိုင့်ပါးပါးအောက်မှာ စီးဝင်သွားတာမျိုး။ Yoon Jeonghan ငါတို့နှစ်ယောက် ရင်ခုန်သံတေးသွားတွေမှာ စီးချက်ညီညီ ဖြတ်သန်းကြည့်ရအောင်။ "မင်းနဲ့ပတ်သတ်ရင်"ဆိုတဲ့ စကားစုတွေကို ငါသိပ်သဘောကျတာ...