ကံကြမ္မာရဲ့အလှည့်အပြောင်းကိုဘယ်သူမှကြိုတင် မသိမြင်နိုင်ပေမယ့် လောလောဆယ်မှာ  'မင်းငယ်'ရဲ့နန်းဆောင်အတွင်း ကလေးငိုသံတို့တစီစီညံနေခဲ့ပြီ။

နို့ထိန်းသမများရဲ့ကလေးချော့သံ၊ အပျိုတော်တစ်စုရဲ့ ကလေးမြူသံတို့ဖြင့် ဝေနန်းတော်သစ်ဟာ နေ့နေ့ညညလှုပ်ရှားအသက်ဝင်နေခဲ့ပြီ။

ရက်တစ်ရာပြည့်သွားခဲ့တဲ့ နန်းဆည်းလည်းလေးက ယခုဆိုချထားသည့်နေရာမှာ အရင်လိုအငြိမ်မနေဘဲ တအီအီဖြင့်ဂျီကျတတ်လာပြီမို့ နို့ထိန်းသမများမှာ လက်ပေါ်ကလဲမချရဲအောင်ရှိရသည်။ထို့အပြင် မျက်စိမြင်ချင်လာပြီဖြစ်သော ကလေးက အလင်းရောင်စူးစူး၊အရောင်စူးစူးမြင်လျှင် 'စီ'ကနဲထထငိုတတ်သည်ကြောင့် တစ်ဦးသယ်(သည်)မိခင် မိဖုရားယူနာတစ်ယောက် ထိုအချိန်မျိုးဆိုကလေးနဲ့အပြိုင်လိုက်ငိုတတ်သေး၏။

အသက်သုံးဆယ်နားကပ်မှရသည့်ကလေးဖြစ်သည့်အပြင် အပျိုမွေးမို့ခက်ခက်ခဲခဲမွေးထုတ်ခဲ့ရသည့်သမီးတော်လေးထယ်ယွန်း ကို ယူနာ ရင်နဲ့အမျှချစ်ရသည်။

မလွဲမရှောင်သာ၍သာ မယ်တော်ဟာဝေရဲ့နန်းကျမင်းသမီးတစ်ပါးဟူသော သူ့ရဲ့လောင်းရိပ်ကပ်ပါခဲ့ရပေမယ့် အတတ်နိုင်ဆုံးသက်ရောက်မှုမရှိအောင်တော့ကြိုးစားရမည်။ သမီးတော်ရဲ့အနာဂါတ်ဟာ အေးအေးချမ်းချမ်းမဟုတ်ရင်တောင် အတိတ်ကအရိပ်တွေကြောင့်မပူလောင်စေချင်တော့တာ  မိခင်တစ်ယောက်ဖြစ်သည့် မိဖုရားယူနာရဲ့ တစ်ခုတည်းသောဆန္ဒပင်။

နို့ထိန်းလက်ထဲမှသမီးတော်ရဲ့ရွှင်ပျပျမျက်နှာကိုလှမ်းငေးကာ အတွေးလွန်နေသည့်မိဖုရားယူနာ။ သူ့အနားသို့ခပ်ကုတ်ကုတ်ရောက်လာသည့် မိခင်ဖြစ်သူကြောင့် သတိတို့ပြန်ဝင်လာရ၏။

"အကြောင်းထူးရဲ့လားမယ်မယ်"

တစ်စုံတစ်ရာအားစောင့်မျှော်နေသည့်မျက်ဝန်းတွေ။ယူနာခေါင်းကိုဖြည်းညှင်းစွာခါယမ်းလိုက်တော့ မှေးမှိန်သွားသည့်အကြည့်များ။

"အရှင့်သားဆီကတော့ နောက်နှစ်ရက်နေရင်ပြန်လာတော့မယ်လို့စာရတယ်...အရှင့်သားသွားကတည်းက မောင်တော်ပြန်ပါလာဖို့ကိုချည်း ယူနာဆုတောင်းခဲ့တာပါအမေ...ဘုရားကယူနာရဲ့ဆုတောင်းကိုမကြားဘူးထင်ပါရဲ့..."

The Love Sleeping Under The Moonlight Opowieści tętniące życiem. Odkryj je teraz