အပိုင်း {၃၈} (UNICODE)

Começar do início
                                    

"လှိုင်းသံစဉ် ..ငါ့ကို မင်းလက်ပေး။"

မာန့်အမိန့်သံကြောင့် မာန့်မျက်လုံးများမှတစ်ဆင့် မာန့်စိတ်ကို ရစ်သိုင်းလာသော မျက်ဝန်းညိုများသည် လှိုင်းသံစဉ် ပီသစေသော ပကတိ ရိုးသားမှုတို့အပြည့်။ လူလေးကဖြင့် ပိစိကွေးလေးကို အများကြီး ခေါင်းထဲ လျှောက်ထည့်ပြီး အရူးမီးဝိုင်း ဖြစ်နေတာကတော့ မဟုတ်သေးဘူးလေကွာ။ တစ်ခါတလေ မာန် လှိုင်းကို အားမရသည်မှာ ဤသို့သော ပုံစံလေးတွေကြောင့် ... ယခုလို အချိန်မျိုးဆိုလျှင် လှိုင်းသံစဉ်သည် တကယ့်ကို ကလေးလေးသဖွယ် အပြစ်ကင်းစင်ကာ အကြည့်တို့ကအစ နုနယ်နေတတ်သည်။

ထူးထူးဆန်းဆန်းဆိုလာသည့် စကားအဆုံး လှိုင်းသည် အံ့အားသင့်ဖို့ကောင်းစွာဖြင့် တစ်ချက် တွေဝေမှု မရှိဘဲ မာန့်ရှိရာဘက်သို့ လက်ကို ဖြန့်ပေးလိုက်မိသည်။ လှိုင်းသည် မာန် တောင်းဆိုလျှင် ဘယ်အရာမဆို တွေဝေဖို့ပင် သတိမရတော့ဘဲ လိုလိုလားလား ပေးအပ်လိုက်ဖို့ ဆန္ဒ ရှိမိသည် ထင်ရဲ့ ... ယုတ်စွအဆုံး မထင်လျှင် မထင်သလို ထိကပ်လာတတ်သည့် နှုတ်ခမ်းသားများကိုပင် သူ ငြင်းဆန်ရန် သတိမေ့လျော့နေခဲ့မိသည်။ ကမ်းပေးလာသည့် လက်ဖဝါးအား မာန်သည် သူ၏ လက်ဖဝါးနုနုဖြင့် ဆုပ်ကိုင်ကာ သူ၏ လက်မောင်းများကြား ဝှက်ထားလေသည်။ ရုတ်တရက်မို့ လှိုင်း‌ ကြောင်ငေးကြည့်ရန်သာ တတ်နိုင်တော့သည်။ ကားထဲမှာ ထိုင်နေသည့် သူ့လက်ကို ကိုင်ထားပြီး ကားတံခါးကို မှီကာ ရပ်နေသည့် မာန်က ယခု ဘာလုပ်လိုက်တာလဲ။ အခြေအနေကို လောကြီးသုတ်ဖျာဖြင့် သုံးသပ်နေမိပြီးမှ မာန့်ကို ခပ်တိုးတိုး ခေါ်လိုက်မိသည်။

"ကိုရိပ်"

"ဘာမှ မကြောက်နဲ့ ..ငါ ရှိတယ်။ စိတ်လည်း အရမ်း ပူမနေနဲ့။"

ခေါ်သံအဆုံး ပြောလာသည့် စကားမှာ စာလုံးရေအားဖြင့် အနည်းအကျဉ်းမျှသာ ဆိုပေသိ လှိုင်းရင်ထဲ စမ်းရေပူလေး ဖြတ်သန်းစီးဆင်းသွားသလိုမျိုး နွေးခနဲ ဖြစ်သွားရသည်။ မာန်သည် ကလေးဆန်သည် ဆိုသော်ငြား ယခုလိုမျိုး တစ်ခါတစ်ရံ ရင့်ကျက်သွားတတ်ပြီး တကယ့် အစ်ကိုကြီး တစ်ယောက်လိုမျိုး ဂရုစိုက်မှု ပေးတတ်သေး၏။

လမင်းခြေသံ { Completed }Onde histórias criam vida. Descubra agora