အပိုင်း {၂၅} (ZAWGYI)

Começar do início
                                    

သည်ကောင်က တကယ် ကျောင်းပြန်မတက်တော့ဘူးလား။ စဉ်းစားလေ မွန်းကြပ်ရလေ ဖြစ်နေသဖြင့် မာန် အောက်ထပ် ခဏ ဆင်းရန် အခန်းတံခါးကို အဖွင့် ... မမြင်ရသည်မှာ ကြာပြီ ဖြစ်သော မျက်မှန် ကင်းလွတ်နေသည့် မျက်နှာကို မြင်ခွင့်ရလိုက်သည်။

"ကိုရိပ် ... ကျွန်တော် ကတိပေးထားတဲ့အတိုင်း ..ပြန်ရောက်လာပြီနော်။"

၃ လလုံးလုံး ကြားချင်လွန်းသဖြင့် တောင့်တနေခဲ့မိသော ဤအသုံးအနှုန်းနှင့် တိုးသဲ့သဲ့ စကားသံကို ယခု ရုတ်တရက် ပြန်ကြားလိုက်ရတော့ မာန် ကိုယ့်နားတောင် ကိုယ် မယုံချင်။ ဤ ၃ လအတွင်း မာန်ကပဲ အရပ်ထပ်ရှည်လာ၍လား ၊ လှိုင်းကပဲ အရပ်ထပ်မထွက်လာ၍လား ဆိုသည်ကို ရေရေရာရာ မပြောတတ်သော်လည်း မသွားခင်က မာန့်နားရွက်နားထိ အရပ်ရှည်နေပြီ ဖြစ်သော လှိုင်းသည် ယခု မာန့်ပုခုံးသာသာ သာ ရှိတော့သည်။ ဝေးကွာနေသည့် အတောအတွင်း မြင်တွေ့နေကျ မျက်နှာသည် အတော် ချောင်ကျသွားသလို အသားတွေလည်း ယခင်ကထက် အနည်းငယ်ပင် ပိုညိုလာသလိုပဲ။ ယခင်ကဆို ကပိုကရို တည်ရှိနေတတ်သည့် ဦးခေါင်းထက် ခပ်ဖွာဖွာ ဆံပင်များသည် ယခုတော့ ကတုံးဆံတောက်ကေနှင့် ရှင်းလင်းစွာ။ မာန် ခုံမင်စွာ ငေးကြည့်ခဲ့ဖူးသည့် မျက်ဝန်းညိုတို့ကလည်း ပိုမို အုပ်မှိုင်း ရီဝေနေသယောင်။

"မင်း ... မင်း ပိန်သွားသလိုပဲ။"

မာန်က ပြောတော့ နှုတ်ခမ်းပါးတို့ကို ပြုံးသည် ဆိုရုံလောက် ခပ်ယဲ့ယဲ့လေး တွန့်ကွေးပြလာသည်။ သို့ရာတွင် ထိုအပြုံးက ယခင်ကနှင့် ကွဲလွဲစွာ ... အသက်မပါတော့သလိုပဲ။

"မမြင်တာ ကြာလို့ ကိုရိပ် စိတ်ထင်နေတာ နေမှာပါ။ ကျွန်တော်က ဒီအတိုင်းပါပဲ။ ကိုရိပ်ကသာ သိသိသာသာ ပိန်သွားတာ။"

မာန်သည် ယခင်ကနှင့် ယှဉ်လျှင်တော့ ၃ လဆိုသည့် ကာလအတွင်း သိသိသာသာ ပိန်သွားသည်ကား အမှန်ပင်။ နဂို ပြည့်ပြည့်ဖောင်းဖောင်း ရှိနေသည့် မျက်နှာသည် ၃ လအတွင်း သွယ်ကျသွားသည်။ လှိုင်း၏ စကားအဆုံး မာန် ဘာမှ ပြန်မပြောမိဘဲ မျက်စိရှေ့ရှိ ပုတက်လေးကိုသာ စိုက်ကြည့်နေမိသည်။ မြင်နေကျနှင့် အနည်းငယ် ကွဲပြားသွားသော ဟန်ပန်ကြောင့်ပေပဲလား မပြောတတ် ... ထိုကောင်လေး မာန်နှင့် အတော် စိမ်းသွားသလိုပဲ။ နီးကပ်စွာ ရပ်နေသည့်တိုင်အောင် စိတ်ထဲ အလှမ်းဝေးနေသလို ခံစားနေရသည်။ မာန် စိုက်ကြည့်နေသလို လှိုင်းကလည်း ခေါင်းမော့ကာ တန်ပြန် ငေးကြည့်နေလေရဲ့။ ထိုအကြည့်တို့ကို မာန် မနှစ်သက် ... ယခင်ကလို ဖြူစင်မနေတော့ဘဲ အရောင်တစ်ချို့ဖြင့် မှိုင်းညှို့နေသည်။

လမင်းခြေသံ { Completed }Onde histórias criam vida. Descubra agora