*အသက်တမျှ....*
တစ်။
တည်တံ့လွန်းမောင်၊ တည်စေသွန်းအံ့။
"မလိုက်ရဘူးလို့ ကိုကိုပြောပြီးပြီ တည်စေ!"
စားပွဲခုံပေါ် ကိုင်ထားသည့် စာအုပ်ကို အားဖြင့် ဆောင့်ချလိုက်သည့် အသံနှင့်အတူ လေသံမာဟာ တစ်ချိန်တည်း။
"ကိုကို့..ဒီ..တစ်ခါတည်းပါ သူငယ်ချင်းတွေနဲ့ သွား. "
"တည်စေ!! ကိုကို ထပ်မပြောဘူး! အစတည်းက မင်းနဲ့ငါ ဘာပြောထားလဲ မင်းအပြစ်နဲ့ မင်းလေ! စုတ်ပြတ်သတ်နေတဲ့ အမှတ်တွေက မင်း မလိုက်ရတဲ့ အကြောင်းရင်းပဲ! ထပ်ရှင်းပြဖို့ လိုသေးလား"
ထပ်မံပိတ်ပြောလာသည့် စကားတွင် တည်စေ့ မျက်နှာလေး သုန်မှုန်လာရသည်။
သူငယ်ချင်းတွေနှင့် ပြင်ဦးလွင်ဘက် သွားမည့် အစီအစဉ်လေးအကြောင်း ကိုကို့ကို ကြိုပြီး introဝင်ထားခဲ့သည်။
ထိုစဉ်က နှစ်ဝက်စာမေးပွဲရလဒ်သာ ကိုကို စိတ်ကျေနပ်မယ့် ရလဒ်ဖြစ်လျှင် ခွင့်ပြုမည်ဟု ကိုကိုသေချာပြောခဲ့သည်ပင်။ မှန်းချက်နှင့် နှမ်းထွက် ကိုက်မလာသည့် အမှတ်စာရင်းသည် သူငယ်ချင်းတွေနှင့် ခရီးထွက်ရမည့် အခွင့်အလမ်းကို ပိတ်ပင်သွားတော့သည်။
မနက်ဖြန်ဆို သွားကြတော့မည်မို့ သူငယ်ချင်းတွေကလည်း လောနေကာ၊ တည်စေလည်း လိုက်ချင်လွန်းသည်ကြောင့် အရဲစွန့်၍ ကိုကို့ဆီ ထပ်မံအယူခံဝင်မိတာ ဖြစ်သည်။
သို့သော် ရာသီဉတုသည် တည်စေ့ဘက်သို့ မပါလာပါ။ ဘယ်တုန်းကမှလည်း မပါခဲ့။"အဲ့မျက်နှာကို ပြင်ထား! တည်စေသွန်းအံ့! တောက်! သွားတော့ ဒေါသကို လာဆွနေလို့ ကောင်းလာမယ့်အရာ မရှိဘူး"
နှင်လိုက်ပြီမို့ တည်စေသွန်းအံ့ စိတ်နှလုံးသည် ဖျော့တော့သွားရသည်။ တကယ်ကြီး မလိုက်ရတော့ပြီ ထင်သည်။
ကိုကို မကောင်းပါ။ ဘိုးဘိုးလည်း မကောင်း။ ဘိုးဘိုးခွင့်ပြုလျှင် ရလျက်နှင့် တည်စေနှင့် ပတ်သက်သမျှ ကိုကို့ဆီသာ ပစ်ချထားသည်။
တစ်အိမ်လုံးကို ကြိုက်သလို ဂျစ်၍ ဆိုး၍ ရသည်။
တည်စေ့မျက်နှာလေး တစ်ချက်ညှိုးရုံဖြင့် လိုရာမှန်သမျှ အားလုံးဖြစ်ရသည်။ ဘိုးဘိုးဆိုလျှင် ရင်ခွင်ထဲ တစ်ချက်တိုးဝှေ့ချွဲလိုက်ရုံဖြင့် ပြည့်စုံပြီ။
သို့သော် တစ်ဦးတည်းသော အငယ်ဆုံးလေးအဖြစ် အလိုလိုက်ခံလေးဖြစ်ခဲ့ရသည့် ဘဝသည် ကိုးနှစ်အရွယ်နောက်ပိုင်းတွင် အဆုံးသတ်သည်။ ဘိုးဘိုးမြေးအကြီးဆိုကာ ရောက်လာသူသည် ဘိုးဘိုး၏ အားအထားရဆုံးလူသားအဖြစ် ဝင်ရောက်လာသည်။
အလိုလိုက်ကြသည့် ဝိုင်းအုံချစ်ဘဝလေးထဲ ထိုလူသားသည် ချွင်းချက်တစ်ခု။ တည်စေ ဆိုးသမျှကို အလိုမလိုက်ဘဲ ခပ်ပြင်းပြင်း ဆူပူတတ်သည်။ အပြစ်ဆိုသည့် စကားလုံးကို ပထမဆုံးအကြိမ် သင်ယူခဲ့ရတာသည် ထိုလူသားဆီက ဖြစ်သည်။ အပြစ်လုပ်ရင် အပြစ်ပေးခံရမယ်ဆိုသည့် အသိတချို့ကြား တည်စေ့ ဘဝလေး မလွယ်ကူခဲ့တော့ပါ။
အဆိုးဆုံးသည် ဘိုးဘိုးက တည်စေနှင့်ပတ်သက်သမျှ အရာရာကို အုပ်ထိန်းသူအဖြစ် ကိုကို့ကို တာဝန်ယူစေခြင်းဖြစ်သည်။
ကျောင်းက အုပ်ထိန်းသူအမည်တွင် ကိုကို့နာမည်ပါ ထည့်စေသည်အထိ။
