122

4.3K 626 19
                                    

ငါတို့ဘက်မှာ စစ်သူကြီးရှိတယ်လေ။ မင်းဘာတွေ ကြောက်နေတာလဲ။
..................................................................................

ရုံးတော်၏ မှောင်မည်းသောအကျဉ်းထောင်ထဲတွင် စင်္ကြံတစ်လျှောက် အကွာအဝေးခြား၍ နေရာချထားသော မီးတုတ်များမှလွဲ၍ ပန်းကန်လုံးတစ်လုံးစာခန့် ချောင်းကြည့်ပေါက်မှသာ အလင်းရောင်ဝင်နိုင်သည်။ နေရာတစ်ခုလုံးမှာ စိုထိုင်းကာ အနံ့အသက်ဆိုးရွားသည်။ ဤနေရာ၌ အကျဉ်းချခံထားရသည့်မည်သူမဆို စိတ်သောကရောက်လိမ့်မည်။

ကျားမိသားစုမှ ကျားယင်၊ သူ့ဇနီးနှင့် ဆွေမျိုးအချို့သာ ဤထောင်ထဲတွင်ထိန်းသိမ်းခံထားရသည်။ အပြစ်မရှိကြောင်းရှာတွေ့ထားသော အစေခံနှင့်လက်ပါးစေများက လွတ်သွားကာ အပြစ်ရှိကြောင်းပေါ်သွားသူများသည်လည်း ပြစ်ဒဏ်ချခံရပြီး အခြားနေရာသို့ ပြောင်းရွှေ့ခံလိုက်ရသည်။ အစေခံနှင့်လက်ပါးစေများ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသည်နှင့်အမျှ သခင်မကျားနှင့်အခြားလူများ၏မျက်နှာပေါ်မှ စိတ်အားငယ်မှုပိုလေးနက်လာသည်။ ကနဦးတွင် သူတို့၌ ကျိန်ဆဲရန် ခွန်အားကျန်သေးသော်လည်း ရက်အနည်းငယ်ကြာပြီးနောက် သူတို့စိတ်တွင်းမှ ဒေါသမှာ အကြောက်တရားဖြင့်အစားထိုးခံလိုက်ရပြီး ကျိန်ဆဲရန်ပင်အင်အားမရှိတော့ပေ။

ကျားယင်က သီးခြားအကျဉ်းခန်းထဲတွင် ထိန်းသိမ်းခံထားရသည်။ သူက သေဒဏ်ချခံထားရသည်။ အချိန်ကျလာလျှင် သူကအစားအသောက်ဈေးဝင်ပေါက်၌ ခေါင်းဖြတ်ခံရလိမ့်မည်။

သူ့အားအဆုံးသတ်၌စောင့်မျှော်နေသည်မှာ ပူပင်သောကပင်။ အချုပ်ကျနေစဉ် ကနဦးနေ့ရက်များ၌ ကျားယင် စိတ်တွင်း၌ မခံမရပ်နိုင်ဖြစ်နေစေကာမူ ဟန်ဆောင်နိုင်သေးသည်။ သို့သော် ပြစ်ဒဏ်စီရင်ခံရမည့်နေ့နီးလာသည်နှင့် သူကြောက်စိတ်မွှန်လာတော့သည်။

သူ မသေချင်ရာ လွတ်မြောက်ရန်ကြိုးစားခဲ့သည်။

သူက လိမ္မာကျွမ်းကျင်စွာစီမံကာ အကျဉ်းထောင်စောင့်တစ်ယောက်နှင့် ဆက်သွယ်နိုင်ခဲ့သည်။ ကျားယင်က ထိုအကျဉ်းထောင်စောင့်နှင့် စကားပြောရသောအခါ သူ၏လွတ်မြောက်လိုစိတ်ကိုဖော်ပြခဲ့ပြီး ထိုအကျဉ်းထောင်စောင့်သာ သူအောင်အောင်မြင်မြင်လွတ်မြောက်နိုင်စေရန် ကူညီပေးလျှင် ရတနာများစွာပေးမည်ဟု ကတိပေးခဲ့သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now