Dandelion

1.7K 201 10
                                    

(Unicode)

အပိုင်း - ၃၀

ပွဲတော်က ညနေဝင်ချိန်၌စတင်သည် ။ မြို့တော်တစ်ခုလုံးအား ထွန်းလင်းထားသည့် ဖယောင်းတိုင်မီးရောင်တို့က နက်ပြာရောင် ကောင်းကင်ပြင်ကြီးတစ်ခုလုံးကိုထင်ဟပ်နေပြီး  ရှီလာ၏ညအချိန်လေးက အတော့်ကိုလှပနေသည် ။

“ အချစ်ပြီးပြီးလား ? သွားရအောင် ”

တက်ကြွစွာပြောနေသည့်အသံလေးက ကြားရသူတို့အဖို့ မပြုံးပဲမနေနိုင်အောင်ကိုဖြစ်စေသည်။ ဒီနေ့မှ ထူးထူးခြားခြား စစ်သူကြီးနှင့်သူ့ကြင်ယာတော်တို့က ဆင်တူဝတ်စုံကိုဝတ်ထားကြသည်ဖြစ်ပြီး ကြင်ယာတော်ကလည်း ယောင်္ကျားလေးတစ်ဦးကဲ့သို့ပင် ပြင်ဆင်ထားသေးသည် ။ ဆံပင်ရှည်ကြီးတို့ကို အမြင့်စည်းထားပြီး ယောင်္ကျားလေးတစ်ဦးကဲ့သို့ဝတ်ဆင်ထားသည့် ကြင်ယာတော်က အသွင်တစ်မျိုးလေးနှင့် အတော်လေးကိုချောမောလှသည် ။

“ ကောင်းပြီ...ကိုယ်တို့သွားကြရအောင် ”

လက်ချင်းတွဲ၍ အိမ်တော်မှထွက်သွားသည့် စုံတွဲကတကယ့်ကိုအားကျစရာပင် ။ ယနေ့ည၌ အိမ်တော်ရှိ အစေခံများအားလုံးလည်းလွပ်လပ်ခွင့်ရကြသည် ။ ပြည်သူများအားလုံး ပျော်ရွှင်ကြသည့်နေ့ရက်တွင် အစေခံတို့ကလည်း လူတန်းစားတစ်ရပ်ပင်ဖြစ်တာမို့ ပျော်ရွှင်ခွင့်ရှိပေသည် ။

ရှီလာမြို့တော်လမ်းတစ်လျှောက်တွင် မီးများကိုထိန်လင်းနေအောင်ထွန်းထားကြပြီး လမ်းမပေါ်၌အမွှေးနံ့သာရည်များ ပက်ဖြန်းထားသည်ဖြစ်သောကြောင့် လမ်းတစ်လျှောက်တွင် ပန်းခင်းလမ်းပေါ်၌ လျှောက်လမ်းနေရသကဲ့သို့ သင်းပျံ့မွှေးကြိုင်နေသည် ။ အဖျော်အဖြေ ၊ အတီးအမှုတ် ၊ အကအခုန်တို့နှင့် ဖျော်ဖြေတင်ဆက်နေကြသည့် ဇာတ်သဘင်သည်တို့ကလည်း များပြားစွာ ။

ယခုလို ညချမ်းမျိုး၌ အိမ်တော်အသီးသီးရှိ အမျိုးသမီးငယ်လေးများကလည်း သူ့ထက်ငါ လှအောင်ပြင်ကြကာ အပြိုင်အဆိုင်ပြုလုပ်မည်ဖြစ်ပြီး ကာလသားများကလည်း အပြိုင်အဆိုင်ပင် အပျိုလှည့်ကြ‌ပေမည် ။ ထို့ပြင် ပျော်ရွှင်စွာပြေးလွှားကစားနေကြသည့် ကလေးငယ်တို့၏ ရယ်မောသံများကလည်း ရှီလာ၏ညကို ပိုမိုအသက်ဝင်လာအောင် ဖန်တီးပေးနေသည်။

I'm Not A Girl |TK|✓Where stories live. Discover now