50

14.6K 2.2K 96
                                    

{Unicode}

"ဝမ်ယန်တစ်ယောက် ချိတင်ကဲ ငိုကြွေးလေပြီ"

ဝမ်ယန်မှာ ကုန်ပဒေသာ စတိုးဆိုင်ကြီးအရှေ့တွင် ပိတ်မိနေ၏။

ယမန်နေ့ညက မင်ရည်နှင့် ပက်ခံလိုက်ရသည့် ကိစ္စအပြီးတွင် ဝမ်ယန်တစ်ယောက် ကုမ္ပဏီသို့ ပြန်လာခဲ့ပြီး ဒေါသမီးဟုန်တို့ အကြီးအကျယ် တောက်လောင်နေခဲ့သည်။ သို့နှင့် လက်ထောက်လေးက သူ့အတွက် ဖျော်စပ်ပေးထားသော၊ အငွေ့တထောင်းထောင်း ထနေဆဲဖြစ်သည့် လက်ဖက်ရည်အား သနားညှာတာမှု ကင်းမဲ့စွာနှင့် တစ်ပါးသူ၏ မျက်နှာပေါ် သွန်ချပစ်သည်။ အပူလောင်သွားသော လက်ထောက်မလေးမှာ ငယ်သံပါအောင် အော်လိုက်မိသည်။ ကလေးမလေးသည် အပြင်ဘက်တွင် ပုန်းလျှိုးကွယ်လျှိုးနှင့် မျက်ရည်များကို သုတ်ပစ်ရသည်။ ထို့နောက် ညှဥ်းပန်းနှိပ်စက်မှု ဒဏ်များကို ဆက်လက် အောင့်အည်းသည်းခံနိုင်စွမ်း မရှိတော့၍ အလုပ်ပါ ထွက်ခဲ့လိုက်သည်။

ဝမ်ယန်သည် ထိုအခြင်းအရာပေါ် တစ်စက်ကလေးမှပင် အာရုံစိုက်မနေပေ။ ထူးထူးချွန်ချွန်လည်း မဟုတ်၊ ကျောထောက်နောက်ခံလည်း မရှိ၊ ဘာမှလည်း သုံးစားမရတဲ့ အလုပ်သမားမျိုးကိုလေ။

သူသည် တည်တည်ငြိမ်ငြိမ်နှင့် သနားစဖွယ် နစ်နာသူတစ်ယောက်ကဲ့သို့ ပရိသတ်များအား မျက်ရည်ချူပို့စ်တစ်ခု တင်ပြီးနောက် ကုမ္ပဏီအား လူထုအမြင်နှင့် ဝေဖန်ချက်များကို ကိုင်တွယ်ဆောင်ရွက်ပေးရန် ပြောကြားပြီး အိမ်ပြန်ကာ စိတ်အေးလက်အေး အိပ်နေခဲ့သည်။

မထင်မှတ်ပါဘဲ ဒုတိယနေ့၌ အခြေအနေမှာ လုံးလုံးလျားလျား တားမနိုင် ဆီးမရ ဖြစ်သွားလေသည်။

လက်ခံချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်အား ကောင်းလွန်းသော ဗီဒီယိုနှစ်ပိုင်းစာလောက်မှာ ကွန်ရက်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားခဲ့ပြီး မိမိမှာ ထို(မမျှော်လင့်ဘဲ ဖြစ်သွားသော အရာများ)အတွက် ကြိုတင်ပြင်ဆင်ချိန်တောင် မရလိုက်ဘဲ အံ့သြလွန်း၍ ဆွံ့အသွားကာ အကူအညီမဲ့ခြင်းကိုသာ ခံစားလိုက်ရသည်။ အမြဲတစေ မိမိမှာ အထွတ်ထိပ်ကို ကျော်လွန်သည့် အထက်ဘဝဂ်တွင် ရှိနေသည်ဟု ထင်မှတ်ထားသည့် ဝမ်ယန်သည် မိမိကိုယ်တိုင်၏ ကာမရာဂ အကြူးလွန်ပြီး အော်ဟစ်ညည်းညူနေသည့် ဗီဒီယိုကို မြင်လိုက်ရသောအခါ ဦးခေါင်းထက်မှ ရေခဲရေ တစ်ဇလုံဖြင့် လောင်းချခံလိုက်ရခြင်း၏ အနက်အဓိပ္ပါယ်ကို ပထမဆုံးအကြိမ် နားလည်သိရှိသွားခဲ့ပြီး တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားတော့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now