[ 29 ]

32.3K 2.7K 94
                                    

[ သူကြီးသမက် ]

" ဆရာ "

" ငရိုး , နွေလရိပ် , လာထိုင် "

ရိုးနဲ့အရိပ်ဆေးခန်းထဲဝင်လာတော့ ဆရာသန်းမင်းအောင်ကတခြားလူနာတစ်ဦးကိုဆေးထိုးပေးနေတာကြောင့် ရိုးနဲ့အရိပ်လည်းထန်းလက်ထိုင်ခုံလေးမှာခဏဝင်ထိုင်ကာစောင့်နေလိုက်သည်။

ဆေးခန်းဆိုပေမဲ့ ဆရာသန်းမင်းအောင်ကသူ့အိမ်ရှေ့လေးမှာပဲအခန်းဆောက်ပြီးဖွင့်ထားတာကြောင့် ဆေးထိုးတဲ့ခုတင်နေရာလေးကိုတော့ လိုက်ကာလေးတန်းကားထားသည်။

ခဏနေတော့လိုက်ကာဖယ်၍ထွက်လာသူကရွာထဲကကုန်စုံဆိုင်ဖွင့်ထားတဲ့ဒေါ်ဘုတ်ဆုံဖြစ်နေသည်။ ဒေါ်ဘုတ်ဆုံကဆေးထိုးထားတဲ့သူ့တင်ပါးသူပွတ်ချေနေရင်းကထိုင်နေတဲ့ ရိုးတို့ကိုကြည့်ကာမေးလာသည်။

" ငရိုး ဘယ်သူလာပြတာလဲ နင့်လား နွေလရိပ်လေးလား "

" ကျွန်တော်မဟုတ်ဘူး အရိပ်ကိုလာပြတာ ခဏခဏခေါင်းမူးပြီးအားနည်းနေလို့ "

" အော် , ဆရာဆေးဖိုးဘယ်လောက်လဲ "

ဒေါ်ဘုတ်ဆုံကဆေးဖိုးပေးချေပြီး ပြန်သွားတော့ ဆရာကအရိပ်ကိုစမ်းသပ်မှုစတော့သည်။

" ဘယ်လိုဖြစ်သလဲ ဆရာကိုပြောကြည့်ပါဦး "

အရိပ်လည်းဆရာအမေးကြောင့် ဒီရက်ပိုင်းသူခံစားနေရတဲ့ ဝေဒနာကိုပြောပြလိုက်သည်။

" ဒီရက်ပိုင်းထဲထမင်းစားချင်စိတ်မရှိဖြစ်နေတာ ဆရာ ပြီးတော့ ဟင်းနံတွေလဲမခံနိုင်ဘူး အစားသိပ်မစားဖြစ်တော့ ခေါင်းကလဲခဏခဏမူးတယ် အန်လည်းအန်တယ် တစ်ခါတလေအစားမရှိတော့လေတွေပါအန်တယ် ဆရာ "

" အင်း,ဟုတ်ပြီ ဆရာစမ်းသပ်ပြီးသင့်တော်မယ် ဆေးထိုးပေးမယ်လာ ခုတင်ပေါ်လှဲလိုက် "

" ဟုတ် "

ဆေးခန်းထဲကလိုက်ကာခြားထားတဲ့ ခုတင်ပေါ်အရိပ်လှဲလိုက်သည်။ ရိုးကတော့လိုက်ကာအပြင်ဘက်ကနေထိုင်၍ အရိပ်ဆေးထိုးပြီးချိန်ထိစောင့်နေစဉ်အထဲကဆရာရဲ့လှမ်းခေါ်သံကိုခဏအကြာမှကြားလိုက်ရသည်။

" ငရိုး "

" ဗျာ, ဆရာ "

" အထဲကိုဝင်ခဲ့ဦးး "

( သူကြီးသမက် )  CompletedWhere stories live. Discover now