အပိုင်း−(၁၆)
အိမ်ထဲမဝင်ခင် ဦးလှသောင်း၏အရိပ်အယောင်ကို တစ်ချက်အရင်ချောင်းကြည့်လိုက်သည်။မရှိဘူးဆိုတာ သူ မေးမြန်းထားခဲ့ပေမယ့် ရှိနေမည်စိုးသည်ကြောင့် တိတ်တိတ်လေးခိုးလာရသည်။ခြံဝန်းထဲတွင် ဒေါ်စံပယ်က ထောင့်နားက မြက်တစ်ချို့ကို ထိုင်နှုတ်နေတာတွေ့သည်။ကျွန်းညို အရဲတင်းကာ ခေါ်လိုက်ပါသည်။
“ဒေါ်ဒေါ်.’
ခပ်သဲ့သဲ့အသံကြောင့် ဒေါ်စံပယ်က လှည့်ကြည့်လာသည်။ကျွန်းညိုကိုမြင်တော့ မျက်နှာတစ်ချက်ပျက်သွားရရင်းနှင့်မှ နေရာကထလာသည်။
“ကိစ္စရှိလို့လား ကျွန်းညို”
သူစိမ်းဆန်ပေမယ့် ဒေါ်စံပယ်အသံက ဒေါသသံမျိုးမဟုတ်သဖြင့် ကျွန်းညိုအားတက်သွားကာ
“ဟိုဟာလေ.. ကိုမော်ဦး ခြေထောက်အပူလောင်တယ်ဆိုလို့ ကျွန်တော်လာကြည့်တာပါ။ပြီးတော့ဒါလေး..ကြက်ပေါင်လေးပါ။ ဟို ချက်လာတာတော့ မဟုတ်ပါဘူး။ ထမင်းဆိုင်က ဝယ်လာခဲ့တာပါ။ကျွန်တော်က မချက်တတ်တော့လေ.’
ကျွန်းညိုသည် မဝံ့မရဲဖြင့် လမ်းထဲက တစ်ဆင့်ချိုင့်လေးကို လက်လှမ်းသည်။ကြည်ကြည်သာသာမျက်နှာလေးကြောင့် ဒေါ်စံပယ်လည်း သက်ပြင်းတစ်ချက်ချရင်း ချိုင့်လေးကိုလှမ်းယူလိုက်သည်။ဒီကောင်လေးက ကိုလှသောင်းမရှိသည့်အချိန် တမင်ရွေးလာလေသလားမသိပေမယ့် မရှိသည့်အချိန်မို့လို့သာတော်သေးသည်။ ထင်စေနှင့်ကိစ္စကို သိပြီးကတည်းက ပြောမနိုင်သည့် ထင်စေ့ကြောင့်သာ စိတ်လျှော့လိုက်ရပေမယ့် ကိစ္စအားလုံး၏အဓိက တရားခံသည် ကျွန်းညိုဖြစ်သည်ဟု တရားသေကို စွဲမှတ်ထားပြီးသားဖြစ်သည်။
“မင်း အကိုက အနောက်ဘက်မှာ စာထိုင်ဖတ်နေတယ်။ဒါလေးအတွက် ကျေးဇူးပဲနော်။အဒေါ် ပန်းကန်လုံးထဲထည့်ပြီး တိုက်လိုက်ပါ့မယ်။မင်း သွားချင်သွားလေ ကိုမော့်ဆီ.’
ခွင့်ပြုပေးလိုက်တော့ ကျွန်းညိုမျက်နှာက လက်ခနဲဖြစ်သွားသည်။ခေါင်းညိတ်ရင်း ဒေါ်စံပယ်ညွှန်ပြသည့် အနောက်ဘက်ခြမ်းဆီသို့ ခပ်သွက်သွက်လျှောက်လာလိုက်သည်။သူ့ခြေဖမိုးက ဒဏ်ရာကို ဒေါ်စံပယ်ကြည့်နေသည်ကိုလည်း သတိမမူမိ။
YOU ARE READING
ချစ်ကျွန်းရိပ်ညို
Romanceဘယ်တုန်းကမှ သိက္ခာကျရတယ်လို့ မတွေးခဲ့ဖူးဘူး ထင်စေ။ဒါတွေက ငါမင်းကိုချစ်လို့