၃၉။ လျို့ဝှက်ပူးပေါင်းခြင်း

1.4K 315 11
                                    

၃၉။ လျို့ဝှက်ပူးပေါင်းခြင်း (Nc)

ပိုင်ကျစ်နှင့် ဇီယန်တို့ အိမ်ဆောင်အတွင်း ရှေ့ဆင့်နောက်ဆင့် ဝင်လာလိုက်ကြသည်။ လီဝေယန်းကတော့ ဇီယန်ကို အရေးမလုပ်ဘဲ ပိုင်ကျစ်ကိုသာ ပြောလိုက်သည်။ "ငါ အပြစ်ပေးတာ သိပ်များ လွန်သွားသလား... အရမ်းကြီးပြင်းထန်နေသလား"

ပိုင်ကျစ်လည်း တွေးတွေးဆဆနှင့် ပြောလိုက်သည်။ "ဒီအိမ်ဆောင်မှာလဲ စည်းကမ်းတွေ ရှိတာပဲ၊ ရှောင့်ကျဲလုပ်တာ မှန်ပါတယ်"

လီဝေယန်းလည်း ပြုံးကာ ပြန်ပြောလိုက်သည်။ "ငါ လီအိမ်တော်ကို ပြန်လာတော့ နင်တို့နှစ်ယောက်ကို ခေါ်လာတာ... နင်တို့ အလုပ်လုပ်တာ ဟုတ်ရင် ငါ မျက်နှာရမယ်၊ နင်တို့ စည်းတွေ ဘောင်တွေကျော်မိရင် ငါ မျက်နှာပျက်ရမယ်၊ ငါ့ဘေးနားမှာနေရင် ခိုင်းတာ လုပ်ရုံတင်မကဘူး... သစ္စာလည်း ရှိရမယ်၊ ဒီနှစ်ခုကို နင်တို့ မလုပ်နိုင်ရင် ငါ နင်တို့ကို ဖိန်ချန်း ပြန်ပို့လိုက်မှာ"

ပိုင်ကျစ်က ဟုတ်ကဲ့ဟု ဖြေသည်။ ဇီယန်ကတော့ တိုးညင်းညင်သာစွာ ဆိုလေသည်။ "ဒါပေါ့ ရှောင့်ကျဲရယ်၊ နူပိက မမလေးအပေါ် သစ္စာရှိပါတယ်"

လီဝေယန်း သက်ပြင်းခိုးချလိုက်မိသည်။ သူမက ဇီယန်ကို အတွေးမချော်စေလို၍သာ လျိုမားမားကိစ္စနှင့် သူမကို သတိပေးလိုက်ခြင်းဖြစ်သည်။ သို့သော် အကျိုးရလဒ်မည်သို့ရှိမည်တော့ မသိရ။

-

သုံးရက်အကြာ တစ်မနက်၌ ဇီယန် မနက်စာယူလာပေးပြီး စားပွဲတည်ခင်းပေးလေသည်။ လီဝေယန်း သူမကို မသိမသာ အကဲခတ်ကြည့်နေမိသည်။

ဇီယန်မှာ ရုပ်ရည်သန့်၍ လှပချောမောသည်။ ကြည်လင်စိုရွှန်းသော သစ်အယ်စေ့ပုံ မျက်ဝန်းကလေးများ၊ ကြာပွင့်ချပ်သဖွယ် မျက်နှာလေးမှာ နီဖျော့ဖျော့ သွေးရောင်လွှမ်းနေသည်။ သန္တာရောင်ဖျော့ဖျော့ ပန်းထိုးဝတ်စုံကလေးက သူမ၏ လုံးဝန်းသော ပခုံးနှင့် သေးသွယ်သော ခါးတို့ကို ထင်းကနဲဖြစ်နေအောင် အားဖြည့်ပေးထားသည်။ လီဝေယန်းသာ ရိုးအဖြူစင်သော ၁၃ နှစ် မိန်းကလေးသာဖြစ်နေဦးမည်ဆိုလျင် ဤသည်ကို တစ်စုံတစ်ခု လွဲမှားနေသည်ဟု ထင်မိမည်မဟုတ်။ သို့သော် သူမ၏ စိတ်အစဉ်က အသက် သုံးဆယ်မက ကျော်ခဲ့ပြီမို့ သူမရှေ့က မိန်းကလေး တစ်စုံတစ်ရာပြောင်းလဲသွားသည်ကို မသိဘဲ မနေ။ သူမ မျက်နှာထားပေါ်မှာ ခံစားချက်တို့ မပေါ်လွင်နေစေဘဲ လေးတွဲအေးဆေးသော အသံနှင့်ဆိုလိုက်သည်။ "ဒီဝတ်စုံက လှသားပဲ"

အဆိပ်/လီဝေယန်းWhere stories live. Discover now