"မသိတော့ပါဘူး အဘိုးရယ်.."

ကာရန်ရှင်းလည်း သူ့အဘိုးနှင့် စကားဆက်ပြောရန်ပင် အင်အားမရှိလောက်အောင် စိတ်ဓာတ်ကျနေမိသဖြင့် သူ့အခန်းထဲ၌သာ တစ်ယောက်တည်း တွေးငေးနေရန် စိတ်ကူးကာ အခန်းထဲသို့ နှေးတိနှေးတုံ့ခြေလှမ်းများဖြင့် ထွက်လာခဲ့လိုက်သည်။

ကုတင်ပေါ်တွင် ပက်လက်လှန်လှဲကာ ခြေလက်များကိုလည်း အင်အားကင်းမဲ့စွာ ဖြန့််ချထားပြီး သူ၏အကြည့်ကိုလည်း မျက်နှာကြက်၌သာ တည်မြဲနေစေသည်။

"ဒီအခြေအနေတွေကို ရင်မဆိုင်ရဲသေးဘူး သုတ..။ ငါကြောက်တယ်"

ဤကဲ့သို့သော စိတ်မလုံခြုံမှုများသည် ခွဲခွါဖူးသူများသာ ခံစားနိုင်ပေသည်။ သူသည် ညီသုတနှင့် ဝေးကွာဖူးခဲ့ပြီ။ ယခုလို လက်တစ်လှမ်းအကွာမျှအထိ ရောက်လာနိုင်အောင်လည်း အပြင်းအထန်ကြိုးစားခဲ့ရသည်။

ထိုနီးစပ်မှုမျှင်မျှင်လေးကပါ နောက်တစ်ဖန်ပြတ်တောက်သွားမည်ဆိုလျှင် သူရူးသွားရလိမ့်မည်။ နောက်တစ်ကြိမ်ပြန်စတင်ရန်လည်း အင်အားရှိတော့မည်မဟုတ်။ အားလုံး သဲထဲရေသွန်လိုက်သလိုသာ ဖြစ်ပေလိမ့်မည်။

စိတ်ဖိစီးမှုများသည် ကာရန်ရှင်းကို စိုးရိမ်တုန်လှုပ်နေစေပြီး သူ၏အိပ်ချိန်များကိုလည်း စုပ်ယူထားပေသည်။ အိပ်ချင်နေပါလျက်နှင့် မှိတ်ကျမသွားနိုင်သော မျက်လုံးတစ်စုံကလည်း သွေးကြောနီများယှက်သမ်း၍ ပူစပ်ပူလောင်ဖြစ်နေလေပြီ။ စိတ်ကိုတင်းမထားနိုင်တော့သည့်အဆုံးမှသာ ကာရန်ရှင်းခမျာ တွေးရင်းငေးရင်း အိပ်မောကျသွားရပေတော့သည်။

"ကာရန်..."

ခပ်ဝေးဝေးမှ အော်ခေါ်သံလေးကို သူကြားနေရသည်။ ရောက်နေသော နေရာသည် ရင်းနှီးနေသလို ခံစားနေရသော်ငြား ဘယ်နေရာပါဟုလည်း တပ်အပ်မပြောနိုင်။ သူ၏ပတ်ပတ်လည်တွင် ငုဝါပန်းများ လွင့်ပျံနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း မြူဆိုင်းသလို ဝေဝါးနေပေသည်။

"ကာရန်...ကိုကို့ဆီကို လာပါဦး"

အသံပိုင်ရှင်ကို သူသိလိုက်ပြီ။ သူ့အား တစ်ယောက်တည်းထားရစ်ခဲ့နိုင်ပါသော သူ၏အစ်ကို နေရန်ရှင်း..။ ကြမ်းတမ်းသည့်လောကကြီးထဲတွင် သူ့ကို တစ်ယောက်တည်းပစ်ထားရက်ခဲ့​လေသော သူ့ကို ကာရန်ရှင်းစိတ်ဆိုးသည်။

Mr.Silent (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ