12

9.3K 790 42
                                    

[Zawgyi]

ပြင်ဦးလွင်ရောက်နေသည့် ရှင်းအတွက် အလုပ်ကိစ္စရယ်လို့က များများစားစားမရှိပေ။ ရှင်းအတွက်က ဖျားနေသည့် Reyဆက်လျှံကို အနီးကပ်ပြုစုပေးဖို့ အလုပ်ကသာ အလုပ်ကြီးအကိုင်ကြီးတစ်ခုလို ဖြစ်နေသည်။

" မောင် ~ "

အနောက်ကနေ ကြားလိုက်ရသည့် အသံလေးကြောင့် ရှင်း လှည့်ကြည့်လိုက်သည်။ ဆွယ်တာအညိုရောင်လေးနှင့် Rey က အဖျားကျသွားပြီဆိုပေမယ့် အရှင်းမပျောက်သေးပေ။

" အိမ်ထဲမှာ နားနားနေနေမနေပဲ ခြံပြင်ကို ဘာထွက်လုပ်ပြန်ပြီလဲ "

ရှင်းရဲ့ ဝသီအတိုင်း ခပ်မာမာမေးလိုက်တော့ နဂိုအဖျားသွေးကြောင့် နွမ်းလျနေသည့် မျက်နှာသေးသေးလေးက ပိုလို့ပင်နွမ်းသွားသည်။ ပုံမှန်ချိန်ဆို အရည်တလဲ့လဲ့တောက်နေသည့် မျက်ဝန်းပြာလေးကလည်း ညှိုးဖျော့နေသေးသည်။

" အမြဲတမ်းလှဲနေရတော့ ကိုယ်ညောင်းလာလို့ပါ မောင် ... အဲ့တာကြောင့် လမ်းထွက်လျှောက်တာ "

" အိမ်ထဲမှာလျှောက်လေ ... အပြင်မှာဆို လေစိမ်းတိုက်ခံရပြီး ပြန်ဖျားမှာပေါ့ "

" အိမ်ထဲမှာကျတော့ မီးလင်းဖိုကြောင့် လေကောင်းလေသန့် သိပ်မရလို့ပါ မောင် "

နွေရာသီကာလကို ကူးပြောင်းနေပြီဖြစ်ပေမယ့် အချိန်မဟုတ်အခါမဟုတ် ရက်ဆက်ရွာနေသည့်မိုးကြောင့် ရာသီဥတုက အေးမြနေသည်။

အိမ်တွင်းမှာလည်း ဖျားနေသည့် Rey အတွက် နွေးထွေးစေရန်အလို့ဌာ ဒေါ်ကြီးက အမြဲတစေ မီးလင်းဖိုလေး ဖိုပေးထားတတ်သည်။ တကူးတကလုပ်ပေးထားသည့် အဒေါ်ကြီးကြောင့် Rey က မီးလင်းဖိုကို သဘောမကျပေမယ့်လည်း အားနာကာ မပြောပဲထားထားပုံရသည်။

" အနွေးထည်ရော ထူထူဝတ်ထားရဲ့လား "

အပြောထက် အလုပ်ကမြန်စွာ ရှင်းသော်ခက ထိုလူနှင့်ခပ်လှမ်းလှမ်း ရပ်နေရာကနေ အနီးကိုရောက်သွားကာ လက်မောင်းကို လှမ်းကိုင်လိုက်သည်။ ဆွယ်တာအညိုလေးက အတန်အသင့်တော့ ထူပုံရပြီး အောက်မှာလည်း တစ်ထပ်ခံထားသည့် အင်္ကျီလေးမြင်တော့မှ ကိုင်ထားသည့်လက်မောင်းကို ပြန်လွှတ်လိုက်သည်။

𝑴𝒚 𝑹𝒆𝒚 [Completed]Where stories live. Discover now