"1"

133K 5.1K 728
                                    

Unicode

"ဒေါင်"

အောင်မြင်လှသော မောင်းထုသံကို စကြားလိုက်ရသည်နှင့် တပ်လက်စ ရှပ်အင်္ကျီကြယ်သီးကို တစ်လုံးခြားကောက်တပ်၍ ကုတင်ပေါ်ကအိတ်ကို အမြန်ပြေးဆွဲရသည်။ အပေါ်အနည်းငယ်တက်နေသော ဘောင်းဘီကိုတော့ ပြေးရင်းလွှားရင်း ခြေမနှင့်ညှပ်ပြီး ပြန်ဆွဲဆန့်ရမည်။ စိတ်ပူစရာတော့မရှိ။ ဒါက သူ့ရဲ့ အကျွမ်းကျင်ဆုံးအလုပ်ဖြစ်သည်။

အောက်ထပ်ဆင်းရန် လှေကားထိပ်သို့ ခြေချလိုက်သည်နှင့် မျက်နှာချင်းဆိုင် လှေကားထိပ်တွင် အိတ်မျိုးစုံကို လက်နှစ်ဖက်တွင် မနိုင်မနင်းပွေ့ပိုက်လျက် အူယားဖားယားဖြစ်နေသော အစ်ကိုတော်ကို တွေ့ရသည်။ ဖုန်းကလည်းပြောနေရသေးသည်မို့ ညာဖက်ပခုံးနှင့်ခေါင်းကြီးကလည်း အဖြေရခါစ ရည်းစားတွေလို ခွာမရပြုမရ။

သို့ပေသော်ငြား တစ်အူထုံ့ဆင်း အစ်ကိုဖြစ်သူကို ကြာကြာမသနားနိုင်။ သူ့ထက်အရင် ထမင်းစားခန်းထဲသို့ရောက်အောင် မာရသွန်နှုန်းနှင့် အမြန်ပြေးရသည်။

"မိုရှင်းနို အဲမှာရပ်စမ်း"

အစ်ကိုဖြစ်သူ၏ သွေးရူးသွေးတန်းအော်သံကို မကြားချင်ယောင်ဆောင်၍ ထမင်းစားခန်းအတွင်းသို့ ပြေးဝင်လိုက်သည်။ တံခါးဝကို ကျော်စမှာပင် မောင်းထုသံနောက်တစ်ချက်ကို ကျယ်လောင်စွာ ကြားလိုက်ရ၏။

မကောင်းတော့ဘူး!!!

ကွယ်ဝှက်ထားသည့်အစွမ်းတို့ကို ထုတ်သုံးလိုက်တော့ ပြေးလက်စခြေလှမ်းတို့က အောက်ပင်မကျတော့ဘဲ လေပေါ်ပျံနေသည့်နှယ်ဖြစ်သွားသည်။

"မို ရှင်း နို ရောက်ရှိ"

ထမင်းစားစားပွဲရှေ့ရောက်တော့ ကိုယ်ရှိန်ကို မနည်းသတ်လိုက်ကာ မတ်မတ်ရပ်ရင်း အော်ရသည်။ မွေးသဖခင်၏ ခေါင်းတစ်ချက်ညိတ်ပြတာကိုမြင်တော့မှ ပါးစပ်ထဲတွင်စုထားသောလေပူတို့ကို အားရပါးရမှုတ်ထုတ်ပစ်လိုက်ပြီး ထိုင်ခုံကိုဆွဲယူ၍ ထိုင်ချလိုက်သည်။

"ဒေါင်"

နောက်ဆုံးမောင်းသံက ပီပီပြင်ပြင်ထွက်ပေါ်လာသည်။ တံခါးဝကို နောက်ပြန်လှည့်ကြည့်လိုက်တော့ အစ်ကိုဖြစ်သူကို အရိပ်အယောင်ပင် မမြင်ရသေး။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now