လေးနက်သောအသံဖြင့် အားသစ် စကားဝင်ပြောသည်။ သူ့စကားတစ်ခွန်းကြောင့် တစ်ယောက် တစ်ခွန်းဖြင့် အရှိန်တက်နေ‌သည့် မီးဖိုခန်းရန်ပွဲလေးသည် ငြိမ်းချမ်းရေးရရှိသွားသည့်အလား ငြိမ်သက်သွား ကြ၏။

"ဖေဖေနဲ့မေမေလည်း သူ့ကို လွတ်မြောက်စေချင်တယ်..."

"သူတို့က အစကတည်းက သူ့ကို မရွေးချယ်ခဲ့တာလေ"

သောမတ်စ်၏ မှန်ကန်ပြီး အချိုမကွပ်ထားသော စကားကျည်ဆံများက အားသစ်ရင်ကို ထိုးဖောက် သွား၏။ မျက်နှာ တစ်ချက်ညှိုးသွားသော်လည်း သူ့မျက်နှာထက်တွင် အပြုံးနုနုတစ်ခုသည် ခပ်မြန်မြန် ပြန်ပေါ်လာခဲ့သည်။

"အင်း... ဟုတ်ပါတယ် တကယ်လည်း ဒါကကျွန်တော်တို့ရဲ့အပြစ်ပါပဲ"

"ဒါကအစ်ကို့အပြစ်မဟုတ်ပါဘူး"

သူ့ဘက်က ခုခံပေးနေသည့် နိုင်းချင်းလက်ကို အားသစ် အသာလှမ်းကိုင်ထားလိုက်သည်။ အစပိုင်း သူ့ကို ကလန်ကဆန်ပြောနေသည့် သွေးဆူနေသော ကောင်ကလေးသည် ရုတ်ချည်းပင် လိမ္မာသောအိမ်မွေး တိရိစ္ဆာန်ကောင်လေးလို ချက်ချင်းငြိမ်ကျသွားသည့် နိုင်းချင်းကို သောမတ်စ် အကဲခတ်၏။ အားသစ်ဖျော်ပေး သော ကော်ဖီကိုဇိမ်ခံသောက်ကာ မျက်လုံးထောင့်စွန်းမှတစ်ဆင့် ထိုကောင်လေးနှစ်ယောက်၏ အပြုအမူများ ကို အကဲခတ်နေသော သောမတ်စ်နှုတ်ခမ်းများ ကုတ်ကျသွားတော့သည်။

ရုတ်တရက်ကြီး ခုနလေးတင်သောက်လို့ကောင်းနေတဲ့ ကော်ဖီက သောက်မကောင်းတော့ဘူး!

ကော်ဖီခွက်ကို ပန်းကန်ပြားပေါ်သို့ အသံမြည်အောင် ပြန်ချလိုက်ပြီး သောမတ်စ်သည် ပေါင်မုန့် မီးကင်ကို စားရန် ပြင်လိုက်သည်။

"သူ့ရဲ့ခန္ဓာကိုယ်ကြောင့်လို့ ပြောပေမဲ့ တကယ်ကတော့ ကျွန်တော်တို့ မရွေးချယ်ခဲ့ကြတာပါပဲ"

အားသစ်ပြောသည်က အမှန်တရားဖြစ်သည်။ သူတို့တစ်မိသားစုလုံးက အရင်ဆုံး ထိုကောင်လေးကို လက်လျှော့လိုက်ကြခြင်းဖြစ်သည်။ သူ မသိခဲ့သည့် ကိစ္စတစ်ခုဖြစ်သော်လည်း သူ့မိဘများကို သူ တစ်သက်လုံး ယုံကြည်ခဲ့သည်။ နိုင်းချင်းနှင့်သာ မတွေ့ခဲ့ဘူးဆိုလျှင် ထိုအမှန်တရားကို သူ သိပင်သိလိမ့်မည်မဟုတ်။ အသက် ၂၀ ပြည့်သည်နှင့် မည်သည့်နည်းနှင့်မျှ ဆွဲဆန့် လို့မရတော့ဘူး မဟုတ်ပါလား။ ကံကောင်းသည်က အသက် ၂၀ မပြည့်ခင်တွင် သောမတ်စ်နှင့် သူ တွေ့ခဲ့ခြင်းဖြစ်သည်။

Marmalade [Own Creation]حيث تعيش القصص. اكتشف الآن